အပူ

3년 전

image

အပူ

နေ့လယ်က ထမင်းစားတုန်းကပေါ့

စားနေကျဆိုင်ဆိုတော့ သိနေတယ်

“ဦးလေး ဒီနေ့ ငါးလား၊ ကြက်လား”

“ခရမ်းသီးနှပ်ရှိသေးလား”

"ရှိတယ်ဦး"

“အေး … ခရမ်းသီးနှပ်နဲ့ပဲပေးပါကွယ်”

“ဒီနေ့ သက်သတ်လွတ်လား”

“မဟုတ်ပါဘူးကွယ် အသားတွေ သိပ်မစားချင်လို့ပါ”

ထမင်းစားရင် လက်ဆေးပြီး အားရပါးရ စားရမှ ကျေနပ်တာကြောင့် လက်ဆေးနေတုန်း ဆိုင်ရှေ့ကို Surf လို့ရေးထားတဲ့ ကားအကောင်းစားကြီးတစ်စီး ဆိုက်လာတယ်။ အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသား တစ်ယောက် ဆင်းလာတယ်။ အမျိုးသမီးကြီးက လက်တွေမှာ ရွေလက်ကောက်အထပ်လိုက်၊ လည်ပင်းက ဆွဲကြိုးကြီးကလည်း အကြီးကြီး

သူက ကျွန်တော့်အတွက် ထမင်းဟင်းတွေပြင်ထားတဲ့ ခုံမှာ ထိုင်နေတယ်။ ခုံကလည်း နေ့လယ်စားသောက်ချိန် ဆိုတော့ ပြည့်နေတယ်။ အမျိုးသမီးက ကျွန်တော်စားမယ့် နေရာမှာ။ အမျိုးသားက သူနဲ့ မျက်နှာချင်းဆိုင်။ အမျိုးသမီးက ကျွန်တော်ထိုင်တဲ့နေရာမှာ ထိုင်နေတော့ ကျွန်တော် ဘယ်လိုထိုင်ရမလဲ။ ဆိုင်ရှင်ကမြင်တော့

“အစ်မ ဒီနေရာက ဒီဦးလေး ထိုင်နေတာ”

“ဟိုဘက်ပြောင်းပေးလိုက်ပါလား။ ဒီမှာ နှစ်ယောက်ထိုင်မှာ။ တစ်ယောက်တည်းဆိုရင် ဟိုကလွတ်နေတဲ့ တစ်နေရာ ပြောင်းပေးပါလားဦးလေး”

စိတ်ထဲတော့ မျက်စရာပဲ။ ဘယ့်နှယ် နောက်မှလည်းရောက်လာသေး။ နေရာလည်း ဝင်လုသေး။ ဟိုး ၄၀ လောက်က စိတ်ဓာတ်နဲ့ဆိုရင် ပြာကျသွားမယ်။ ခုတော့ ဆိုင်ရှင်ကိုပဲ ကြည့်လိုက်တယ်။ ဘယ်လို လုပ်မလဲပေါ့

“မဟုတ်ဘူးအစ်မ … ဦးလေးထိုင်ပါစေ … ဖယ်ပေးလိုက်ပါ”

ကျွန်တော်က ပြုံးလိုက်ပြီး

“သမီး ရပါတယ်။ ဦးပန်းကန်တွေကို ရွှေ့ပေးနော်။ ဟိုမှာပဲ သွားစားလိုက်မယ်”

ဘာဖြစ်ဖြစ်ပါ အားလုံး အဆင်ပြေရင်ပြီးသွားတာပဲ။ ကျွန်တော့်အတွက်ကတော့ ဒီလို အတွေ့အကြုံမျိုးတွေဟာ အဆန်း မဟုတ်တော့ပါဘူး။

image

ကျွန်တော်က ထမင်းပန်းကန်လေး မသွား၊ လွတ်နေတဲ့ ခုံမှာဝင်ထိုင်၊ ကောင်မလေးက ဟင်းပန်းကန်တွေ သယ်လာပေးပြီး

“အားနာလိုက်တာ ဦးရယ်”

“ရပါတယ်ကွယ် ကိစ္စမရှိပါဘူး”

အမျိုးသမီးကြီးက ဟင်းအိုးတွေချထားတဲ့ဆီကို သွားပြီး တစ်ခုချင်းကြည့်တယ်

“ပုဇွန်ချက်မရှိဘူးလား”

“မရှိဘူး”

“ငါးခြောက်နဲ့ အာလူး မရှိဘူးလား”

“မရှိဘူး”

“ငါးရံ့နဲ့ ဒန့်သလွန်သီးမရှိဘူးလား”

“မရှိဘူး”

“ဝက်သားက အချိုချက်မရှိဘူးလား”

“အဒေါ် … အဒေါ်က ဒီမှာကြည့်ပြီးတော့ မရှိတာတွေချည်း လိုက်မေးနေသလိုပဲ”

“မတွေ့လို့ မေးတာပေါ့အေ”

“ဒီမှာတင်ထားတာတွေ အကုန်ပဲအဒေါ်။ နည်းနည်းလောက် ဖယ်ပေးလိုက်ပါဦး နောက်က စားမယ့်လူ ကြည့်ပါစေဦး”

“တစ်ခါပြင် ဘယ်လောက်လဲ”

“တစ်ခါပြင် ၁၆၀၀ ပါ”

“အဝစားဆိုရင်”

“၂၅၀၀ ပါ”

“အင်း … တစ်ခါပြင်ပဲ တော်ပါပြီ သိပ်မဆာလို့။ ငါးနဲ့ပေး။ ရှင်ရော ဘာနဲ့စားမလဲ”

ယောက်ျားဖြစ်ပုံရတယ် … လှမ်းမေးလိုက်တာ

“ကြက်သား”

“တစ်ခါပြင်ပဲနော်”

“အေးပါ”

“ကြက်သားနဲ့တစ်ပွဲ ငါးနဲ့တစ်ပွဲ”

မှာပြီးတော့ ခုံမှာပြန်ထိုင်။ ကောင်မလေးတွေက ထမင်းပွဲတွေလာချ။ တစ်ခါပြင်ဆိုတော့ ပန်းကန်ထဲကို ဟင်းအပြီးပုံပေးတာ

အမျိုးသမီးကြီးက ပန်းကန်ကိုင်ပြီးထလာတယ်။

“ဟေ့ … အာလူးထည့်ပေးပါလား”

“အဒေါ် အာလူးလိုချင်ရင် သတ်သတ်ဝယ်ပါ”

“မဝယ်နိုင်လို့ မဟုတ်ဘူးဟေ့ မကုန်မှာစိုးလို့”

မျက်နှာကို စူပုပ်ပြီးပြန်ထိုင်၊ ရှေ့ကအမျိုးသားက

“အားလူးတစ်ပွဲလောက် ဝယ်ပါလား။ ကြက်သားက တစ်တုံးဆိုတော့ မဝဘူး”

“တော်ပါပြီ … ဟေ့ ဒါနဲ့ ရေနွေးကြမ်းမရဘူးလား”

“ဟိုမှာ ကိုယ်တိုင်ယူစနစ်နဲ့ ကြိုက်သလောက် သွားယူသောက်နိုင်ပါတယ်”

အမျိုးသားက ရေနွေးသွားထထည့်တယ်။

“လိုက်ပွဲတစ်ပွဲ ဘယ်လောက်လဲ”

“လိုက်ပွဲကတစ်ပွဲ ၂၀၀ ပါ”

“လိုက်ပွဲတစ်ပွဲပေး … ဟင်းရည်ဆမ်းပေး၊ အားလူးတစ်ဖတ်လောက်ထည့်ပါ”

ကောင်မလေးက မျက်နှာကို မဲ့လိုက်ပြီး လိုက်ပွဲကို သွားချပေးတယ်။ အမျိုးသမီးကြီးက လိုက်ပွဲကို သူ့ပန်းကန်ထဲ လောင်းထည့်ပြီးတော့မှာ နှစ်ဇွန်းလောက် သူ့ယောက်ျား (ထင်တာပဲ) ပန်းကန်ထဲကို ထည့်ပေးပြီး

“ကျွန်မ သိပ်မဆာလို့” တဲ့

အပြင်မှာ နေက အရမ်းပူတယ်။ ဒီနေ့အပူချိန်ကပိုပြီး များသလိုပဲ။ ကျွန်တော်က ခရမ်းသီးနှပ်ကို အရသာခံနေတုန်း

“ကလေးမ ထမင်း ၁၀၀ ဖိုးလောက်မရဘူးလား” တဲ့

အမျိုးသမီးကြီးက ရွှေလက်ကောင်တွေကို တချွင်ချွင်လှုပ်ပြီး မေးလိုက်တာ။ ကောင်မလေးက

“၁၀၀ ဖိုးမရောင်းပါဘူးရှင်” တဲ့

ပူတယ်ဗျာ။ တော်တော့ကို ပူတာပါ။

ကျွန်တော် စားလက်စထမင်းတွေကို လက်စသတ်။ လက်ဆေးပြီး ပိုက်ဆံရှင်းကာ ထွက်လာခဲ့တယ်။ အဲဒီ အချိန်မှာ အမျိုးသမီးကြီးက လှမ်းမေးလိုက်တယ်

“ဟေ့ … အချိုတည်းစရာ ထန်းလျက်လေးဘာလေးချဦးလေ” တဲ့

ပူလိုက်တာဗျာ။ ဒီနေ့ ပိုပူသလိုပဲ။

တင်ညွန့်

photo : google

image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
STEEMKR.COM IS SPONSORED BY
ADVERTISEMENT