လမ်း

3년 전

image

လမ်း

မနေ့က မိုးတွေရွာတယ်။ မိုးတိတ်မှ မြို့ထဲထွက်တော့ ၁၁ နာရီလောက်ရှိပြီပေါ့။ ပန်းဆိုးတန်းကိုရောက်တော့ မိုးရွာလို့ စာအုပ်တန်းတွေလည်း ပိတ်ထားတာများတယ်။ လမ်းဘေးစာအုပ်တန်းတွေလည်း မိုးတွင်းကို ခါးသီးစွာ ဖြတ်သန်းရဦးမယ်။

ကျွန်တော့်မိတ်ဆွေဆိုင်ရှေ့ကဖြတ်မယ်လုပ်တော့

“ဆရာ … ဆရာမှာထားတဲ့စာအုပ်ရပြီ”

သူက မိုးခိုနေတဲ့အောက်ကနေလှမ်းအော်တာ။ တိုက်နံရံဘေးမှာ ကပ်ရောင်းနေတဲ့ သူ့ဆိုင်ကိုလည်း တာလပတ်နဲ့ အုပ်ထားရာက မိုးတိတ်လို့ဖွင့်ရင်းနဲ့

“ဆရာ … ဒီမှာ ခဏစောင့်။ မိုးရွာလို့ စာအုပ်တွေ အကုန်မထုတ်ရသေးဘူး။ ကျွန်တော် သွားယူပေးမယ်”

သူက စာအုပ်သွားယူတုန်း မျက်မှန်ထူထူနဲ့ ကောင်လေးတစ်ယောက် ဝင်လာတယ်

“ဂျက်လန်ဒန်ရေးတဲ့ The Call of the Wild စာအုပ်ရှိလား” တဲ့

“ဘာသာပြန်လား သား”

“မဟုတ်ဘူး အင်္ဂလိပ်မူရင်းအတိုင်းလိုချင်တာပါ”

image

သူက call ဆိုတာကို မြန်မာကျောင်းတွေမှာ ဆရာတွေရော ကျောင်းသားတွေပါသင်နေတဲ့အတိုင်း “ကော” လို့ မပြောဘဲ “ခေါ” လို့ ဝဲတဲတဲလေး ပြောကတည်းက အထင်ကြီးမိတယ်။ ခေသူမဟုတ်ပေါ့

“သားဖတ်ဖို့လား”

“ဟုတ်ကဲ့”

သူ့အသက်က ၂၀ မကျော်လောက်သေးဘူး။ ကျောပိုးအိတ်လေးလွယ်ထားတယ်။ လူကတော့ ဖြူဖြူသေးသေး။ စာကြမ်းပိုးရုပ်လေးပါ။ အဲဒီအချိန်မှာ ကျွန်တော့်မိတ်ဆွေ ပြန်ရောက်လာတယ်

“ဆရာ ဒီမှာ ဆရာမှာထားတဲ့ စာအုပ်။ သား ဘာစာအုပ်ရှာသလဲ”

သူက ကောင်လေးကို တစ်ဆက်တည်း မေးလိုက်တယ်

“The Call of the Wild စာအုပ်ရှိသလား”

“အဲဒီစာအုပ်မရှိသေးဘူး။ ရှာထားမယ်လေ။ နောက်ကြုံရင်ဝင်ခဲ့”

ကျွန်တော်က ကောင်လေးကို

“သားအဲဒီစာအုပ်ကို အရေးကြီးလား”

“ခုတစ်လော ဂျက်လန်ဒန်စာအုပ်တွေ ဖတ်နေတာ စိတ်ကြိုက်ဖြစ်နေလို့ပါ”

“ဂျက်လန်ကို ဘာကြောင့်ကြိုက်ရသလဲကွယ်”

“ဘာရယ်မဟုတ်ပါဘူး။ သူ့ရဲ့ White Fang ကိုဖတ်ပြီးတော့ အဲဒီစာအုပ်လည်း ကောင်းတယ်ဆိုပြီး ညွှန်းလို့ပါ”

“သားတို့ကျောင်းကညွှန်းတာလား”

“ကျွန်တော် ကျောင်းမနေပါဘူး”

အရမ်း အရမ်းကို ထူးဆန်းသွားပြီ။ ဆက်မေးရင် ဝတ္ထုတစ်ပုဒ်တောင်ဖြစ်သွားနိုင်တယ်။ အသက်က ၁၇/ ၁၈ လောက်။ ကျောင်းမနေတဲ့ ကောင်လေးတစ်ယောက်က Jack London ရဲ့ The Call of the Wild ကို ဖတ်ချင်လို့တဲ့။ ပြီးတော့ အင်္ဂလိပ်လိုတဲ့

“ဒီလိုလုပ်လေသား … မနက်ဖြန် … ဒီနေရာကို နေ့လယ် ၁၂ နာရီလောက် အရောက်လာခဲ့ပါလား။ ဦး အိမ်မှာ The Call of the Wild စာအုပ်ရှိတယ်။ ဦးက ဖတ်ပြီးသိမ်းထားတာကြာပြီ။ ဖုန်တောင်တက်နေပြီလား မသိဘူး။ သားက ဖတ်ချင်တယ်ဆိုရင် ဦးယူလာပေးမယ်”

“ဘယ်လောက်ပေးရမလဲဦး”

“တစ်ပြားမှ မပေးရဘူး။ ဦးက မင်းကို ကော်ဖီတိုက်ဦးမယ်။ မနက်ဖြန် နေ့လယ် ၁၂ နာရီနော်”

“ဟုတ်ကဲ့ပါဦး”

ကောင်လေးက ထွက်သွားတယ်။ ကျွန်တော့်မိတ်ဆွေက ကျွန်တော့်ကို ပြုံးကြည့်လိုက်ပြီး

“ဆရာတော့ ဇာတ်လမ်းရှာပြီနဲ့တူတယ်”

“ဟုတ်ပါဘူးဗျာ … ကျွန်တော်က ကြိုးစားတဲ့ကလေးတွေ … စာဖတ်တဲ့ကလေးတွေတွေ့ရင် အရမ်း အားကျတာ။ သူတို့ကို အထောက်အကူပြုချင်လို့ပါ။ ခင်ဗျားတို့ ကျွန်တော်တို့ခေတ်က ကိုယ်လမ်းကိုယ်ဖောက်ခဲ့ကြရတာ။ ကြာတာပေါ့။ သူတို့ခေတ်မှာ ဖောက်ထားတဲ့လမ်းတွေကအများသား။ လျှောက်နိုင်အောင်တော့ ဖွင့်ပေးရမှာပေါ့”

ကျွန်တော့်မိတ်ဆွေက ကျွန်တော့်ကို ပြုံးကြည့်နေတယ်။ ကျွန်တော်က

“ကဲ … ဒီစာအုပ် ဘယ်လောက်ပေးရမလဲပြော”

“ဆရာ အဲဒီ စာအုပ်က ဓမ္မဒါနတဲ့။ ကျွန်တော်လည်း ဆရာ့အတွက် ဆက်ပြီးတော့ ဒါနပြုပါတယ်”

“ကျေးဇူးပဲဗျာ … ခင်ဗျားကိုတော့ ကော်ဖီမတိုက်တော့ဘူး။ ကျွန်တော် သွားစရာရှိသေးလို့”

“ဆရာရယ် ပြောစရာလိုလို့လား … ဟား … ဟား … ဟား”

တင်ညွန့်

photo : facebook

image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
STEEMKR.COM IS SPONSORED BY
ADVERTISEMENT