အညတရ ချစ်ပြုံး

2년 전

image

အညတရ ချစ်ပြုံး

ရုံးခန်းထဲမှာ အလုပ်များနေတဲ့ ကျွန်တော့်ကို ကလေးနှစ်ယောက်က တံခါးဝကနေ လာပြီးတော့ ပြူတစ်လစ် လုပ်ပြနေတယ်။

“အေး … အေး … ဆရာသိတယ်။ လာခဲ့မယ်”

ကလေးတွေက ဒီလိုပါပဲ ဆရာအတန်းဝင်ချိန်ရောက်လို့မှ ရောက်မလာသေးရင် ပြူတစ်လစ်လာလုပ်ပြနေကြပြီ။ ပြီးတော့ ဆရာက လေ့ကျင့်ခန်းစာအုပ်တွေ ပေးလိုက်မလားပေါ့။ ကူသယ်ပေးချင်လို့လေ။

ချိတ်ထားတဲ့ တိုက်ပုံကို ကောက်ဝတ်၊ မြေဖြူနှစ်ခဲလောက်ကို ခွက်ထဲကနှိုက်ပြီး ၇ တန်းဘက်ထွက်ခဲ့ရတယ်။

“မင်္ဂလာပါဆရာကြီး”

“မင်္ဂလာပါကွယ် … ထိုင်ကြပါ”

“ဆရာ မင်းတို့ လေ့ကျင့်ခန်းစာအုပ်တွေ မစစ်ရသေးဘူး။ ဒါကြောင့် ဒီနေ့တော့ ဆရာပြောတာကိုပဲ နားထောင် ထား။ တစ်နေရာရာမှာ လိုက်မှတ်ချင်လည်း မှတ်ထား။ အရေးကြီးတယ်နော်။ အဲဒါကို လေ့ကျင့်ခန်းစာအုပ်တွေ ပြန်ရရင် အလွတ်ရေးပေးရမှာ။ ခုပြောမှာ ဖတ်စာအုပ်ထဲမရှိဘူး။ ရှာမနေနဲ့။ အကောင်းဆုံးကတော့ သေသေ ချာချာ နားထောင်ပြီး မှတ်ထားတာပဲ။ ကဲ အသင့်ဖြစ်ပြီဆိုရင် ပြောမယ်”

အဲဒီအချိန်မှာပဲ စန္ဒာပြုံးက

“ဆရာကြီး”

“ဘာလဲကွ”

“သမီး စာအုပ်ဖိုးပေးဖို့ ပိုက်ဆံ ၂၀၀ ကွန်ပါဘူးထဲ ထည့်ထားတာ မရှိတော့ဘူး”

“ဟေ”

“ဘယ်တုန်းက ထည့်ထားတာလဲ”

“မနက်ကမှထည့်ထားတာ။ အဲဒါ စာအုပ်ဖိုးပေးမလို့”

“အလိုကွယ် တို့အတန်းထဲမှာ စန္ဒာပြုံးပိုက်ဆံကို နောက်ထားတဲ့သူ ရှိနေပြီနဲ့တူတယ်။ မနောက်နဲ့ကွာ။ ပိုက်ဆံ ဆိုတာ နောက်စရာမဟုတ်ဘူး။ အရမ်းရှားပါးချိန်။ ပြန်ပေးလိုက် … ပြန်ပေးလိုက်”

တစ်တန်းလုံးငြိမ်နေတယ်။ တုပ်တုပ်မှ မလှုပ်ဘူး။

“ကဲ … ဒီလို လုပ်ရအောင်။ နောက်ထားတဲ့သူက ကြောက်နေပြီနဲ့တူတယ်။ ဆရာက မရိုက်ပါဘူး။ ပြန်ပေးရ ခက်နေရင် ဒီလိုလုပ်ရအောင်။ ခင်အောင် … သားလွယ်အိတ်ထဲက စာအုပ်တွေထုတ်ပြီးတော့ လွယ်အိတ် ချည်းပဲ ဆရာ့ကိုပေးပါကွယ်”

ခင်အောင်က ကျွန်တော့်ကို လွယ်အိတ်လေး လာပေးတယ်။ ဟောင်းလောင်းဖြစ်နေတဲ့ လွယ်အိတ်လေးကို ကျွန်တော်က ကိုင်ထားတယ်။

“ခုချိန်ကစပြီး အတန်းထဲမှာ ရှိတဲ့ ကျောင်းသားတိုင်းရှေ့ကို ဆရာလာမယ်။ မင်းတို့ကိုဆရာမကြည့်ဘူး။ ဆရာ မင်းတို့ရှေ့ရောက်လာရင် မင်းတို့လက်ကို ဆရာကိုင်လာတဲ့ လွယ်အိတ်ထဲ ထည့်လိုက်ရမယ်။ ကျောင်းသား တိုင်း လွယ်အိတ်ထဲ လက်ထည့်ရမှာနော်။ အဲဒီအချိန်မှာ ပိုက်ဆံယူထားမိတဲ့သူက အိတ်ထဲကို ပိုက်ဆံ ထည့်လိုက်ပါ။ ဟုတ်ပြီနော် … ဆရာ ဒီဘက်ကစမယ်”

ကျွန်တော်က ကလေးတစ်ယောက်ချင်းစီရှေ့ကို လွယ်အိတ်လေးထိုးပေးတယ်။ သူတို့က လက်တွေကို လွယ်အိတ်ထဲ နှိုက်ကြရတယ်။

လူကုန်တော့ အတန်းရှေ့ပြန်။ လွယ်အိတ်ထဲကြည့်။ ဘာမှ မရှိပါလား။ ဒီနည်းလည်း မအောင်မြင်ဘူး။ စိတ်ထဲ လည်းမကောင်း ဒေါသလည်းထွက်ချင်ချင်

“ဆရာ အရမ်းဝမ်းနည်းတယ်သိလား။ စိတ်မကောင်းလည်းဖြစ်မိတယ်။ ဆရာ့အတန်းမှာ ဒီလို သူများပိုက်ဆံ ခိုးတဲ့သူရှိနေပြီလား။ တကယ်ဆိုရင် ဒါဟာ မင်းတို့ အပြစ်မဟုတ်ပါဘူးလေ။ ဆရာ့အပြစ်ပါ။ ဆရာက ဆုံးမ သွန်သင်တာ ညံ့တာကိုး”

image

ကျောင်းဆရာဆိုတာ ရုပ်ရှင်မင်းသားလိုလည်း အိုက်တင်ကောင်းရတယ်။ မျက်နှာလေးကိုချ။ မျက်လုံးလေးကို မှိတ်တုတ်မှိတ်တုတ်လုပ်။ မျက်ရည်ကျချင်သလို ဒရမ်မာချိုးပြီး ကျောင်းသားတွေကို ဖမ်းစားလိုက်တာ။

အားလုံးငြိမ်နေပြီ … ဘယ်သူကမှ ထပြီးတော့ ဝန်မခံပါလား။ ခက်တော့နေပြီ။ ကိုင်း နောက်တစ်နည်း

ကျွန်တော်က ရုံးခန်းကိုပြန်သွား။ ကတ်ထူစက္ကူတစ်ရွက်ယူ။ ကြိုးတစ်ချောင်းလည်းယူလာတယ်။ ဆော့ပင်နဲ့ ကတ်ထူပြားပေါ်မှာ စာလုံးကြီးကြီး ရေးလိုက်တယ်

“ကျွန်တော်လူညံ့ပါ”

ကျွန်တော်က ကျောင်းသားတွေဘက်ကို ကတ်ထူပြားထောင်ပြလိုက်ပြီး

“ဖတ်စမ်း”

“ကျွန်တော် လူညံ့ပါ”

“ဟုတ်တယ် … ဆရာ တကယ့်ကို ညံ့တယ်။ အတန်းထဲမှာ ကိုယ့်တပည့်တွေကို မခိုးအောင် မဆုံးမနိုင်ဘူး။ ဒါကြောင့် ဆရာ့ကိုယ် ဆရာအပြစ်ပေးတဲ့ အနေနဲ့ တစ်ခုခုလုပ်ရမယ်”

ကျွန်တော်က ကတ်ပြားကို အပေါက်ဖောက်။ ကြိုးနဲ့ဆိုင်း၊ ကိုယ့်လည်ပင်းမှာချိတ်လိုက်ပြီး

“ဆရာ ခုတော့ အလွန်ညံ့တယ်ဆိုတာ ကျောင်းတစ်ပတ်လှည့်ပြီးပြရမယ်။ ဒီနေ့ မင်းတို့ကို စာမသင်နိုင်တာ ခွင့်လွှတ်ပါ။ စန္ဒာပြုံးပိုက်ဆံ ဘယ်သူယူထားတယ်ဆိုတာ ဝန်ခံတဲ့သူ မရှိမချင်း ဆရာ ကျောင်းရှေ့မှာ အပြစ်ပေးတဲ့ အနေနဲ့ ထွက်ရပ်နေမယ်။ ဘယ်တတ်နိုင်မလဲ။ ဆရာက ညံ့တာကိုး”

ကျွန်တော်က လည်ပင်းမှာ စာချိတ်ပြီး အပြင်ကို ထွက်မယ်လုပ်တော့

“ဆရာကြီး အဲဒီပိုက်ဆံ သားယူထားတာ”

“ဟေ”

ကျွန်တော် အံ့သြသွားတယ်။ အတန်းထဲက ကျောင်းသားတွေအားလုံး ဟိုး နောက်ဆုံးမှာထိုင်နေတဲ့ ချစ်ပြုံးကို ဝိုင်းကြည့်လိုက်တယ်။ ချစ်ပြုံးဆိုတဲ့ကောင်က လူဆိုး။ တစ်ခါကလည်း ဆရာမဆွဲခြင်းထဲက ပိုက်ဆံကိုယူဖူး တယ်။ ခုလည်း ဒီကောင်

ကျွန်တော်က ကတ်ပြားကိုလည်ပင်းကဖြုတ် စားပွဲပေါ်တင်လိုက်ပြီး

“ချစ်ပြုံးထွက်ခဲ့စမ်းရှေ့ကို”

ချစ်ပြုံးက ပုဆိုးကို ပြင်ဝတ်လိုက်ကာ ကျွန်တော့်ရှေ့မှာ လက်လေးလာပိုက်ပြီး ရပ်နေတယ်။

“မင်းအချိုးကို မပြင်တော့ဘူးပေါ့။ ဟုတ်လား။ မင်းကိုယ်မင်း သူခိုးဘွဲ့ခံပြီး နေတော့မယ်ပေါ့ ဟုတ်လား”

အဲဒီကောင်က ခေါင်းကြီးငုံ့ပြီးနေတယ်

“ပြောလေကွာ … ဘာလဲ မင်းသူခိုးလုပ်စားမှာလား … ဟေ့ကောင်ပြော။ ဟိုတစ်ကြိမ်က မင်းငါ့ကို ဘယ်လို ကတိပေးထားသလဲ … နောက်မလုပ်တော့ပါဘူးဆို”

ချစ်ပြုံးကခေါင်းငုံ့ရင်းက မျက်ရည်တွေကျနေတယ်

“ချစ်ပြုံး … ဘယ်မှာလဲ ယူထားတဲ့ပိုက်ဆံ။ ပေးစမ်း”

“မရှိတော့ဘူးဆရာကြီး … သားမုန့်ဝယ်စားလိုက်ပြီ”

“မင်းကွာ … ငါလုပ်ရင်သေတော့မှာပဲ။ ဘာဖြစ်လို့ သူများပိုက်ဆံကိုခိုးရတာလဲ”

“သား ဗိုက်ဆာလို့ပါဆရာကြီး။ အိမ်ကလည်း မုန့်ဖိုးမပေးဘူး”

“မင်းအိမ်က မုန့်ဖိုးမပေးရင် ငါ့ဆီက လာတောင်းလို့ ဟိုတစ်ခါတည်းက ပြောထားတယ်လေကွာ။ သူများဆီက ခိုးရလောက်အောင် မင်းစိတ်ဓာတ်တွေက အဲဒီလောက် အောက်တန်းကျနေတုန်းလား … ပြော … ငါ မင်းကို ဘယ်လို အပြစ်ပေးရမလဲ”

“ရိုက်ပါဆရာကြီး”

“အေး … ရိုက်မယ် … သေအောင်ရိုက်မယ် … အလကားကောင်”

ကျွန်တော်က ကလေးတစ်ယောက်ကို

“သွား … ရုံးခန်းထဲက ငါ့စားပွဲနားမှာ အကြီးဆုံး ကြိမ်လုံးကို သွားယူခဲ့” လို့ပြောလိုက်တယ်။

ကျွန်တော် ကလေးတွေကို ရိုက်ရမှာ ရင်နာတယ်။ ချစ်ပြုံးက အရမ်းဆင်းရဲတယ်။ အဖေက အရက်သမား။ အမေက ငါးဖမ်းရောင်းတယ်။ ကောက်စိုက်၊ ပျိုးနုတ်လုပ်ရတယ်။ ညီအစ်ကို မောင်နှမတွေလည်း အများကြီးပဲ။

“မှတ်ထားကွ … ဆင်းရဲလို့ ခိုးရပါတယ်လို့ ဘယ်တော့မှ လာမပြောနဲ့။ ဆင်းရဲတိုင်းခိုးရင် တစ်ရွာလုံး သူခိုးတွေ ချည်းဖြစ်ကုန်မှာပေါ့။ ကျောင်းလာနေတာ ကိုယ်ကျင့်တရားကောင်းအောင် လာနေတာကွ။ ခုတော့”

“ဆရာကြီး … ဒီမှာ ကြိမ်လုံး”

တစ်တန်းလုံး တိတ်နေတယ်။ ကြောက်လွန်းလို့နဲ့တူပါတယ်။ ကျွန်တော်က ချစ်ပြုံးကို

“ဟေ့ကောင် … ဟိုဘက်လှည့်”

ချစ်ပြုံးက မျက်ရည်တွေကျနေတယ်။ ကျောက်သင်ပုန်းဘက်ကို မျက်နှာအပ်ထားလိုက်ချိန်မှာ ကျွန်တော် ကလည်း ကြိမ်လုံးကို ဆရာစားပွဲပေါ် “ဖုန်း” ခနဲ ရိုက်ချလိုက်တယ်။ ကလေးတွေဆီက

“အမယ်လေး” ဆိုတဲ့ အသံတောင်ထွက်လာတယ်။

“ချစ်ပြုံး”

“ဆရာကြီး”

“ငါ မင်းကို ဘယ်နှချက်ရိုက်ရမှာလဲ”

“ဆရာကြီး ရိုက်ချင်သလောက် ရိုက်ပါဆရာကြီး”

ကျွန်တော်က ဖြန်းခနဲ ကျောက်သင်ပုန်းပေါ်ကို ရိုက်လိုက်ပြန်တယ်။ အမှန်တော့မရိုက်ချင်လို့ အကြောင်းရှာ နေတာ။ ကိုယ်တိုင်လည်း ဘာလုပ်ရမယ်ဆိုတာ ဝေခွဲမရဖြစ်နေတယ်။

“စန္ဒာပြုံး”

“ရှင် … ဆရာကြီး”

“ငါ … သူ့ကို ဘယ်နှချက်ရိုက်မှ သမီးကျေနပ်မလဲ”

“မရိုက်ပါနဲ့ဆရာကြီး”

“ဘာဖြစ်လို့လဲ”

“ဆရာကြီး”

“ဘာလဲ”

“သမီး အိမ်ခဏပြန်လို့ရမလား”

“ဘာလုပ်မလို့လဲ”

“ခဏလေးပါဆရာကြီး … သူ့ကို မရိုက်ပါနဲ့ဦး … ခဏလေးပါ”

စန္ဒာပြုံးက ပြောပြောဆိုဆိုနဲ့ ကျောင်းထဲက ပြေးထွက်သွားတယ်။ သူ့အိမ်က ကျောင်းနဲ့ မျက်နှာချင်းဆိုင် လောက်မှာ ရှိနေတာပဲ။ သူတို့က အိမ်ဆိုင်ဖွင့်ထားတော့ ချောင်လည်ပါရဲ့

စန္ဒာပြုံးက အတန်းထဲကို အမောတကော ပြေးဝင်လာပြီးတော့

“ဆရာကြီး … ဆရာကြီး ချစ်ပြုံးကို မရိုက်ပါနဲ့”

“ဘာဖြစ်လို့လဲ”

“သမီးကို အမေပေးထားတဲ့ ပိုက်ဆံ ၂၀၀ ကို သမီး ကွန်ပါဘူးထဲ မထည့်လာဘူး။ အဲဒါ သေချာအောင် သွားပြန်ကြည့်တာ။ ဘုရားစင်ပေါ်က ပြန်ရတယ်။ ဒီမှာ”

“ဟာ …”

ကျွန်တော်က ကုလားထိုင်ပေါ်က ထိုင်ချလိုက်ပြီး

“ချစ်ပြုံး”

“ခင်ဗျာ”

“ဘာဖြစ်လို့ လိမ်သလဲ”

“ဆရာကြီးက လည်ပင်းမှာ ကတ်ကြီးချိတ်ပြီး ထွက်မှာစိုးလို့”

(မခိုးဘဲ ခိုးတယ်လို့ လိမ်တဲ့ မောင်ချစ်ပြုံး စစ်ထဲဝင်သွားတယ်။ တိုက်ပွဲမှာ ကျသွားတယ်။ တပ်သားလေးဘဝနဲ့ ကွယ်လွန်သွားခဲ့တာပါ။ ကျွန်တော့်တပည့်တွေ မထူးချွန်ကြပါဘူး)

တင်ညွန့်

photo : google

image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
STEEMKR.COM IS SPONSORED BY
ADVERTISEMENT
Sort Order:  trending
UpvoteBank
Your upvote bank
__2.jpgThis post have been upvoted by the @UpvoteBank service. Want to know more and receive "free" upvotes click here