ထရန်စဖာ

2년 전

image

ထရန်စဖာ

ကျောင်းအပ်နှံရေးနေ့တဲ့

ခုမှ ဒီလိုနေ့ထူးတော်မြတ်ကြီးကို တီထွင်ပြီး ဖဲကြိုးဖြတ် အခမ်းအနားတွေနဲ့ လုပ်တာ မဟုတ်ပါဗျာ။
ဒါဟာ ဗိုလ်ချုပ်တွေ လက်ထက်ကတည်းက ညွှန်ချုပ်ဆိုတာကြီးနဲ့ ပေါင်းလုပ်ခဲ့တဲ့ ဓလေ့ကြီးပါ။ မှတ်မိသမျှ ရေးပြရဦးမယ်။

လစာထုတ်တဲ့နေ့ပေါ့

မြို့နယ်ပညာရေးမှူးက အမိန့်တော်ရှိတယ်။ ကျောင်းဆရာတွေ ဆရာမတွေ မိမိသက်ဆိုင်ရာ ကျောင်းကို ကျောင်းမဖွင့်မီ တစ်ပတ်ကြိုရောက်စေ

ဘာလုပ်မလို့လဲပေါ့

စဉ်းစားကြည့် နွေခေါင်ခေါင် မွမ်းမံတဲ့ တက်လိုက်ရတယ်။ သင်တန်းပြီးတော့ မိုးသံပေးပြီ။ အိမ်မိုးဖို့ တောင်ထန်း ဝယ်ရမယ်။ ပိုက်ဆံလိုလို့ လကုန်ချိန်စောင့်တယ်။ ပိုက်ဆံရရင် တောင်ထန်းဝယ်၊ အိမ်မိုးဖို့ ပြင်ထားတယ်။ ခုတော့ ကောင်းကောင်းမှ မနားရသေးဘူး ကျောင်းကိုပြန်စေ

အေးလေ … မင်းတို့လက်ထဲက ရေတွေပဲ။ ပြန်ဆိုတော့ ပြန်ပေါ့

ဒီအချိန်က မိုးမရွာ၊ ချောင်းထဲလည်း ရေမရှိ။ ရေမရှိတော့ ပဲ့ထောင်မထွက်။ ပဲ့ထောင်မထွက်တော့ မိုင် ၅၀ လောက်ကို ကုန်းကြောင်း ချီတက်ပေါ့။

ဆရာတွေ ဆရာမတွေ စုစုဝေးဝေး ပျော်ပျော်ပါးပါး၊ လမ်းလျှောက်ပွဲကြီး ချီတက်လာ။ ခုခေတ် ခြေလှမ်း ၁၀၀၀၀ လမ်းလျှောက်ပွဲ ကြံဖန်ကျင်းပတယ်ဆိုတာ သနားတယ်။

ကဲ ရွာမှာ ဒီအချိန် ကျောင်းဖွင့်ရတာ လွယ်သလားဆိုတာပြောမယ်။

အောင်စာရင်းထုတ်ကတည်းက ဇွန်လ ၁ ရက်နေ့ ကျောင်းပြန်ဖွင့်မည်ဆိုတာ စာကပ်ထားပြီးသား။ ရွာတွေက လူတွေ ထမင်းငတ်နေတာ။ တစ်နွေလုံး တောတိုးပြီး သစ်ခုတ်ကြရတယ်။ သစ်ခုတ်တယ်ဆိုလို့ တစ်ယောက် နှစ်ယောက် မဟုတ်ဘူး။ မိသားစုလိုက် တောထဲကို ကျောင်းပိတ်တာနဲ့ ပြောင်းကြတာ။ တောထဲမှာနေ၊ တောထဲမှာ သေခဲ့တာတွေလည်း ရှိတာပဲ။ ဒီအချိန်ဆိုရင် ရွာထဲမှာ သရဲခြောက်မှာတောင် ကြောက်ရတာ။

ရွာထဲမှာ ကလေးမပြောနဲ့ ခွေးတောင်မရှိဘူး။ ခွေးတွေပါခေါ်သွားတာကိုး။ ကျောင်းတွေကို ကြိုဖွင့်၊ ကျောင်း သားတွေ ကြိုလက်ခံ၊ မြို့ပေါ်ကနေ ဗိုလ်ချုပ်တွေလာပြီး နယ်မြေကိုစစ်ဆေးရင်း ကျောင်းလက်ခံတာကို ဓာတ်ပုံရိုက်မယ်တဲ့။

image

“ဦးတင်ညွန့် ခင်ဗျား ကျောင်းက အစွန်းဆုံးဆိုတော့ ခင်ဗျားကျောင်းကစပြီးတော့ စစ်မယ်။ ခင်ဗျားရွာမှာပဲ ဧည့်သည်တွေကို ထမင်းကျွေးမယ်။ ပြီးရင်း နောက်ထပ် နှစ်ကျောင်းလောက် ခေါ်ပြပြီး ကျွန်တော်တို့ ပြန်မယ်”

စိတ်ထဲက ထောင်းခနဲ ဒေါသထွက်။ ဘာရမလဲ အပြတ် ပြောပစ်လိုက်တယ်

“ဟုတ်ကဲ့”

လမ်းမှာ ကျွန်တော်တာဝန်ကျတဲ့ရွာနဲ့ မျက်နှာချင်းဆိုင် ချောင်းကူးက ဆရာမ ဒေါ်ခင်သန္တာသက်ချိုပြုံးက

“ဆရာရယ် … သေသာသေလိုက်ချင်တော့တာပဲ။ ဒီအချိန်မှာ ရွာထဲ ဘယ်ကကျောင်းသားရှိမှာလဲ။ ဘယ်လို လုပ်ရမလဲ”

တောထဲကို ခလေးရော ခွေးပါမကျန် ပြောင်းနေတဲ့ မိသားစုတွေက ချောင်းထဲရေဆင်းမှ သူတို့ အိမ်အတွက် ခုတ်ထားတဲ့ သစ်လေး ဝါးလေးတွေကို ဖောင်လုပ်ပြီး ဆင်းလာကြမှာလေ။ ခုတော့ မိုးမလာ၊ ရေမရှိ၊ ကလေးလည်း ရွာထဲ မရှိပေါ့။

တွေးရင်း ငေးရင်း လျှောက်နေတဲ့ ကျွန်တော့်ကို ဆရာမက

“ဆရာ … ပြောပါဦး … ဘယ်လို လုပ်ရမလဲ”

“ဒေါ်ခင်သန္တာသက်ချိုပြုံး”

“ဆရာ ကျွန်မကို အဲဒီလို မခေါ်နဲ့”

“အေးပါ … ကျုပ်လည်း ခင်ဗျားလိုပဲ တွေးနေတာဗျ။ အလကား နေတာမဟုတ်ဘူး”

ရွာရောက်တော့ ရွာလူကြီးဆီသွားပြီး။ အမိန့်ထုတ်ခိုင်းရတယ်။ အမိန့်ထုတ်တယ်ဆိုတာက ဓာတ်စက်ကိုဖွင့် လော်စပီကာထောင်

“ကျေးရွာအတွင်းရှိ မိဘပြည်သူများခင်ဗျား။ မနက်ဖြန်ကစတင်ပြီး ကျောင်းအပ်ခြင်းကိစ္စများကို စတင် ဆောင်ရွက်ပေးတော့မှာ ဖြစ်ပါတယ်။ သို့ပါသောကြောင့် မနက်ဖြန်နံနက် ၉ နာရီမှစတင်ပြီး ရွာမူလတန်း ကျောင်းတွင် မိမိတို့ သားသမီးများကို ကိုယ်တိုင်လာရောက် အပ်နှံနိုင်ပါကြောင်း အသိပေးအပ်ပါတယ်။ ကျောင်းကို လာမအပ်ပါက မိမိတာဝန်သာဖြစ်ကြောင်း သတိပေးအပ်ပါတယ် … ပုံ … ဥက္ကဋ္ဌ”

ကျောင်းကို လာမအပ်ပါက မိမိတာဝန်သာဖြစ်ကြောင်းဆိုတာ ကျွန်တော် ရေးပေးတဲ့အထဲမှာမပါ။ ရွာလူကြီးက သူ့ဘာသာသူ ထည့်အော်တာ။

ကျောင်းအပ်လက်ခံတဲ့နေ့ တစ်ယောက်မှ ရောက်မလာ။ ခက်တော့နေပြီ။ မြို့ကလည်း စာရောက်လာ။ ပညာရေးမှူးနှင့်တကွ ချုပ်ကြီး ချုပ်ကလေးများ စုစုပေါင်း ၁၀ ဦး ခန့် ကျောင်းအပ်နှံရေး အခမ်းအနားသို့ကြွ ရောက်မည်။ စီစဉ်ထားရန်တဲ့။

ကဲ မဖြစ်တော့ပါဘူး။ နေ့ဝက်လောက် လျှောက်ရတဲ့ တောထဲကို လူကြီးတွေနဲ့ လိုက်ပြီးတော့ နှိုးဆော်ရပြန် တယ်။

“ကဲဟေ့ … အဲဒီ လူကြီးတွေ လာမယ့်တစ်ရက် ကျောင်းကို ကျောင်းသားတွေ လာပို့ကြပါ။ မပို့ရင် ကျောင်းက လက်မခံတော့ဘူး”

ရွာလူကြီးကို တိုးတိုးလေး ပြောရတယ်

“အဲဒီလိုကြီးတော့ မပြောနဲ့လေအဘရာ”

“ဆရာကြီး မသိပါဘူး … ဒီကောင်တွေက အမိန့်လောက်ကြောက်တာ”

ကျွန်တော်ကလည်း တစ်တဲဝင် တစ်တဲထွက် ကလေးတွေကို လိုက်တွေ့။ ချစ်ဖွယ်ကောင်းအောင် ပြုံးပြ။ ချော့မော့ပြီး ကျောင်းလာဖို့တောင်းပန်ရတယ်

“ဆရာကြီးရယ် … အဲဒီတစ်နေ့တော့ ကျောင်းကို လာပို့မယ်။ ဒါပေသိ ကျောင်းဖွင့်လို့ နောက်ကျရင် ခွင့်လွှတ်ရမယ်”

ကျောင်းသားမိဘတွေကို ရေထရက်မရောက်မှာစိုးလို့ ဈေးဆစ်တာ။ နောင်ခါလာ နောင်ခါဈေး

“အေး … အေး”

photo : google

image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
STEEMKR.COM IS SPONSORED BY
ADVERTISEMENT