လူထဲက လူ၊ ဘဝထဲက လူ

2년 전

image

လူထဲက လူ၊ ဘဝထဲက လူ

မနေ့က တာမွေကို ကိစ္စလေးတစ်ခုရှိလို့သွားပါတယ်။ ဆူးလေကနေ ၂၉ ကားစီးတယ်။ ချိန်းထားတဲ့ လက်ဖက်ရည် ဆိုင်ကို ကျွန်တော် ၁၀ မိနစ် စောရောက်တယ်။

ခေတ်သစ်လူနေမှုမှာ ကိစ္စတွေမများရအောင် ဘာကိစ္စရှိရှိ သူ့ကိုယ်လည်း ကိုယ့်အိမ်မခေါ်၊ ကိုယ်ကလည်း သူ့အိမ်မလိုက် လက်ဖက်ရည်ဆိုင်မှာပဲ ပြောဆို၊ ဆွေးနွေး၊ အပေးအယူလုပ်။ ဒီနေ့က တောင်းထားတဲ့စာမူနဲ့ သူ့ဆီက ရစရာ စာမူခအတွက် လာမျှော်တာ။

၂၉ ကားစီးလာရင်း ကားပေါ်မှာ တီဗီကနေ ရုပ်သံဇာတ်လမ်းလေးတစ်ခု ကြည့်လာမိတယ်။ ရုပ်ပဲမြင်တာပါ။ အသံက မကြားရတော့ ဘာမှန်းမသိပါဘူး။

ဇာတ်လမ်းက ရိုးရိုးလေးပါ။ အိမ်ကကောင်မလေးကို အိမ်ရှင်ကဖောက်ပြန်။ ကိုယ်ဝန်ရှိ။ ကလေးကို အမှိုက်ပုံစွန့်တဲ့ ဇာတ်လမ်း။ အိမ်ရှင်မိန်းမက အမှိုက်ကောက်သမားကို တစ်နေ့တော့ သူ့ခြံရှေ့ အမှိုက်တွေ ကျကုန်လို့ အောက်တန်းစား (ထင်ပါရဲ့) ဆဲဆိုပြောတယ်။ အဲဒီ အမှိုက်ကောက်သူကပဲ အမှိုက်ပုံမှာ လာစွန့် ပစ်တဲ့ကလေးကို ကောက်ယူပြီးတော့ ဘုန်းကြီးကျောင်းကို သွားပို့ပေးတယ်။ ဇာတ်လမ်းက ဆိုလိုချင်တာ ဘယ်သူအောက်တန်းကျသလဲပေါ့။

လက်ဖက်ရည်ဆိုင်မှာ ထိုင်ပြီးတော့ လက်ဖက်ရည်မသောက်ဘူးဆိုရင် မကောင်းတာနဲ့ လာချပေးတဲ့ ဗယာကြော်ကို ရေနွေးကြမ်းနဲ့ သောက်နေမိတယ်။

အဲဒီအချိန်မှာ အမှိုက်တွန်းလှည်းလေးကို တွန်းလာတဲ့ အုပ်စုတစ်စုက အမှိုက်လှည်းကို လက်ဖက်ရည်ဆိုင် ရှေ့မှာ ရပ်ပြီးတော့ ဆိုင်ထဲဝင်လာကြတယ်။ အုပ်စုဆိုတာက ယောက်ျားတစ်ယောက်၊ မိန်းမတစ်ယောက်၊ ကလေးနှစ်ယောက်။ ကလေးတွေက မိန်းကလေးနဲ့ ယောက်ျားလေး။ ၇ နှစ် ၁၀ နှစ်ဝန်းကျင်လေးတွေရှိမယ်။ ယောက်ျားနဲ့ မိန်းမက လင်မယားဖြစ်မယ်။

“ဖေကြီး ထမင်းဆာတယ်”

အငယ်ကောင်လေးက သူ့အဖေကိုပြောလိုက်တာ။ အကြီးမလေးက

“ဖေကြီး သမီးဒီနေ့ရှာပေးတာ ပိုက်ဆံတွေ အများကြီးရတယ်”

“အေးလေ … ငါ့သမီးလေး ဘာစားမလဲပြော။ ဗယာကြော်စားမလား”

“ဟင့်အင်း … သမီး ဒံပေါက် စားချင်တယ်”

အဲဒီအချိန်မှာ အမေဖြစ်သူက

“ဟဲ့ … ဒံပေါက်တစ်ပွဲ သုံးလေးထောင် … နင်ရှာတာက နှစ်ထောင်ဖိုးလောက်နဲ့”

ဖအေဖြစ်သူက ဝင်ပြောတယ်

image

“အေးပါကွာ … တစ်ခါတလေ ကလေးတွေကို ဒံပေါက်ကျွေးရအောင်”

“ဘယ်မှာလဲ ပိုက်ဆံ ညနေ ဆန်ဝယ်ရဦးမယ်”

“မင်းတို့ ဒီမှာ စောင့်နေပါကွာ … ငါ ဒံပေါက် သွားဝယ်လိုက်ဦးမယ်”

“ရှင် ကလေးတွေကို အရမ်းအလိုလိုက်တာပဲ … စားစရာမရှိရတဲ့ကြားထဲ”

ကျွန်တော်က ကိုယ့်ရှေ့မှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်လေးတွေ တွေ့ရင် အရမ်းစိတ်ဝင်စားတယ်။ မသိချင် ယောင်ဆောင်ပြီး ဟိုငေး သည်ငေး နေပေမယ့် ကလေးတွေကို သူ့အဖေ ဒံပေါက်ဝယ်ကျွေးတယ်ဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစရာပဲ။

မကြာပါဘူး သူရဲကောင်းဖေဖေက ဆိုင်ထဲကို အပြေးလေး ဝင်လာတယ်။ သူဆွဲလာတဲ့ ဖော့ဘူးလေး နှစ်ဘူးကို ကလေးနှစ်ယောက်ရှေ့ ချပြီးတော့ ပေးလိုက်တယ်။ အမျိုးသမီးက ဖော့ဘူးလေးတွေကို ဖွင့်တယ်။ ကလေးတွေက ကြည့်လိုက်ပြီး

“ဖေကြီး ဒန်ပေါက်က ကြက်သားလည်း ပါဘူး”

“ရမယ် … ရမယ် … ဖေကြီး ကြက်သားသွားဝယ်မယ်”

“ရှင်ကလည်း ဒံပေါက်ဝယ်ရင် ကြက်သား မပါဘူးလား”

“မိန်းမကလည်း ကြည့်နေ … မင်းတို့ ကြက်သားနဲ့ စားရမယ်”

သူပြန်ပြီးတော့ ပြေးထွက်သွားတယ်။ မကြာပါဘူး ပြန်ရောက်လာတယ်။ လက်ထဲမှာ CB ကြက်ကြော်လေး တစ်တုံးပါတဲ့ အိတ်လေး ကိုင်လာတယ်။ ပြီးတော့

“ကဲ … ဒံပေါက်ဆိုင်က ကြက်သားထက် ကောင်းတဲ့ ကြက်ကြော်။ သားကြိုက်တယ် မဟုတ်လား”

“သိပ်ကြိုက်”

အမျိုးသမီးက ကြက်သားလေးတွေကိုဖဲ့ပြီးတော့ ကလေးတွေရဲ့ ဘူးလေးတွေထဲ ထည့်ပေးနေတယ်။ ကလေးတွေက လက်တွေဘာတွေလည်း သွားဆေးမနေပါဘူး။ ဒီအတိုင်း တစ်ယောက်တစ်ဘူး တွယ်လိုက် ကြတာ။

သူတို့ အမေက ငေးကြည့်နေတယ်။ ဖအေက ချွေးတွေ သုတ်ရင်း ပီတိတွေဖြစ်နေတယ်။ ကလေးနှစ်ယောက်က စားလိုက်တာ အရိုးတောင်မကျန်အောင်ပဲ။ ပြီးတော့ အဖေဖြစ်သူက ကလေးတွေကို အပြင်ခေါ်သွားပြီး ရေနွေး ခွက်ထဲက ရေနဲ့ လက်ဆေးပေးတယ်။

“စားကောင်းလား”

“ကောင်းတယ် ဖေကြီး … နောက်လည်း ဝယ်ကျွေးဦး”

“အေး … ပိုက်ဆံတွေ အများကြီးရရင် ဝယ်ကျွေးမယ်”

“သမီး အများကြီးရှာမယ်”

“သားလည်း ရှာမယ်”

ကလေးတွေ ပျော်နေတာကို သူတို့အဖေက ကြည့်ပြီးတော့ သူ့မိန်းမကို

“တို့လည်း တစ်ခုခုလောက် စားဦးမှ”

“အေးလေ ဗယာကြော်တစ်ပွဲမှာလိုက်”

ဗယာကြော်တစ်ပွဲက လေးခု။ တစ်ခုကို ၅၀။ ကျွန်တော် ကြည့်နေတယ်။ သူတို့ တစ်ယောက်တစ်ခုပဲ စားပြီးတော့

“ပိုက်ဆံရှင်းမယ်” တဲ့

၁၀၀ တန်လေး တစ်ရွက်ပေးပြီး သူတို့ထွက်သွားကြတယ်။

ကဲ မိတ်ဆွေတို့ ဘာမြင်လိုက်သလဲ။ ကျွန်တော် နားလည်လိုက်တာကို ပြောမယ်။ အဖေတစ်ယောက်ရဲ့ ဒံပေါက်ကျွေးနည်း။

ဒံပေါက်ဝယ်လာတာက လိုက်ပွဲ။ ဒီနားက ဆိုင်ကဆိုတော့ လိုက်ပွဲတစ်ပွဲက ၇၀၀ ကျပ်။ နှစ်ပွဲဆိုတော့ ၁၄၀၀ ကျမယ်။ ကြက်ကြော်တစ်တုံးက ၇၀၀ ကျပ်လားမသိဘူး။ စုစုပေါင်း ၂၁၀၀ ကျနေပြီ။ သူတို့ လင်မယား ဗယာကြော်စားတာက ၁၀၀ ဆိုတော့ စုစုပေါင်း ၂၂၀၀။ သားနဲ့သမီးကို ၂၁၀၀ ဖိုးကျွေးပြီး သူတို့ကျတော့ ၁၀၀ ဖိုးပဲစားကာ မျိုသိပ်နိုင်လွန်းတာ မိဘပါ။

လူဆိုတာ ပိုက်ဆံရှိတာ၊ မရှိတာ၊ ပညာတတ်တာ၊ မတတ်တာ ဘာမှ မဆိုင်ဘူး။ အသိအမြင်၊ အတွေးအမြင် ရှိတာနဲ့ မရှိတာပဲ ကွာတာပါ။ ချစ်တတ်တာနဲ့ မချစ်တတ်တာပဲ ကွာတာပါ။ ဆင်းရဲ ချမ်းသာ လူလိုသိတဲ့ သူတွေက လူလိုသိတာပါပဲ။ သူတို့နှုတ်က ဘာမှ ထုတ်ပြောသွားတာ မဟုတ်ဘဲ မေတ္တာကို ဖော်ကျူးပြသွားတာ။

ကျွန်တော် ဆိုင်ထိုင်ချိန် ၄၂ မိနစ်တိတိမှ ကျွန်တော်နဲ့ ချိန်းထားတဲ့ သူကရောက်လာတယ်။

“ဟိုဗျာ … ဆရာရေ … ကားတွေက”

“တော်ပြီဗျာ … လိုရင်းပြောရအောင်။ ကျွန်တော် စောင့်နေတာ ၄၅ မိနစ်ပြည့်တော့မယ်။ ရော့ဒီမှာ စာမူ”

“ဟုတ်ကဲ့ … ဟုတ်ကဲ့ ဆရာ”

“ခါတိုင်း ဆိုရင် ကျွန်တော် ခင်ဗျားကို မစောင့်ဘူး။ ဒီနေ့တော့ စောင့်တာမဟုတ်ဘဲ အကြောင်းရှာနေမိလို့ တွေ့တာ။ ကဲ သွားမယ်”

တင်ညွန့်

၂၅.၅.၂၀၁၈

image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
STEEMKR.COM IS SPONSORED BY
ADVERTISEMENT
Sort Order:  trending
UpvoteBank
Your upvote bank
__2.jpgThis post have been upvoted by the @UpvoteBank service. Want to know more and receive "free" upvotes click here