ကျွန်တော်နှင့် ရောက်တက်ရာရာ အတွေးများ ( Henry Aung )

지난달

01.jpeg

မင်္ဂလာပါ။ ကျွန်တော့အနေဖြင့် Steemit တွင် စာ၊ ဆောင်းပါး များ အက်ဆေးများ ရေးသားလာခဲ့သည်မှာ အတော်ကြာလာပြီ ဖြစ်ပါသည်။ တခါတရံ ဘဝအတွေ့အကြုံ၊ တခါတရံ မိမိသိသော ဗဟုသုတ ၊ တခါတရံ သရော်စာ ၊ တခါတရံ နည်းပညာ စသည်ဖြင့် ရောက်တက်ရာရာများ ရေးသားလာခဲ့ပါသည်။

ကျွန်တော်၏ ဘဝအတွေ့အကြုံဖြစ်သော စင်္ကပူ အတွေ့အကြုံများလည်း ရေးသားရန် အတော်များများ ကျန်နေသေးသည်။ ယခုထိ သင်္ဘောကျင်းမှ မထွက်နိုင်သေး ။ ခရီးသွား ဆောင်းပါး ဖြစ်သည် ဗီယက်နမ်သွား တောလားကလည်း တပိုင်းတစနှင့် ။ ဒီနေ့ တော့ ကျွန်တော့ အကြောင်း Myself ကို ရေးသားမည်ဟု စိတ်ကူးထားပါသည်။

အမှန်က ဤ myself မှာ Steemit introducing post တွင် ရေးသားရမည် ဖြစ်သော်လည်း ယနေ့မှ ကျွန်တော့ကိုယ်ကျွန်တော် ပြန်တွေးမိနေသောကြောင့် ချရေးရန် စိတ်ကူးမိခြင်း ဖြစ်ပါသည်။ ကျွန်တော့ အကြောင်း ဆိုသော်လည်း ကျွန်တော့ မိဘဘယ်သူဘယ်ဝါ ဘာလုပ်သည် ညာလုပ်သည် များအား ရေးသားရန်မဟုတ်ပါ။ ခေါင်းစဉ်တပ်ထားသည့် အတိုင်း ကျွန်တော့ အကြောင်း ရောက်တက်ရာရာများ ရေးသားသွားရန် ရည်ရွယ်ပါသည်။

ကျွန်တော် ငယ်စဉ်က စာတော်သော ကျောင်းသား တယောက်မဟုတ်ခဲ့ပါ။ သို့သော် မတရား ညံ့ဖျင်းနေသူ တယောက်လည်း မဟုတ်ခဲ့ပါ။ မတရားချမ်းသာ သော မိသားစုဘဝမှ ဆင်းသက်လာသူမဟုတ်သည့်တိုင် တနေ့လျင် မုချဆရာဝန် ဖြစ်ရမည် ၊ သူဌေးသူကြွယ် ဖြစ်ရမည်ဟု ရည်မှန်းချက် ထားကာ ကြိုးစားနေသူတယောက်လည်း မဟုတ်ပါ။ မိမိနေ့စဉ် ဘဝအား အကောင်း ဆုံးဖြင့် ဖြတ်သန်းနေသူ တယောက်သာ ဖြစ်ပါသည်။

ကျွန်တော့ဇနီး က တခါ မေးဘူးပါသည်။ အဘယ့်ကြောင့် ကျွန်တော့တွင် ငယ်သူငယ်ချင်းများ မရှိသည့် အကြောင်း ။ သူ့တွင် သူငယ်တန်း မှ ကျောင်းအတူ တက်ခဲ့ကြသည့် သူငယ်ချင်း အများအပြားရှိကြောင်း ။ အမှန်ကို ဝန်ခံရလျင် ကျွန်တော့တွင် သူငယ်ချင်း များများ စားစား မရှိပါ။ ထို့ အတူ အခင်ဆုံး သူငယ်ချင်း ဟူ၍လည်း မရှိခဲ့ပါ။

ရောက်လေရာ အရပ်တွင် အပေါင်း အသင်း ဆံ့ပါသည်။ မိတ်ဆွေ ဖြစ်နိုင်ပါသည်။ ကျွန်တော့ အနေဖြင့် ကျွန်တော်နှင့် နီးစပ်ထိတွေ့နေရသော အချိန်တွင် မိတ်ဆွေ ဝတ္တရား မပျက်အောင် အကောင်းဆုံး ထိန်းသိမ်းပါသည်။ ကူညီခြင်း ၊ ကျွေးမွေးခြင်း ၊ အတူသွားလာ ပျော်ပါး ခြင်း ၊ ဝေမျှ ခြင်း စသည်ဖြင့် မိမိအနေဖြင့် အဆွေခင်ပွန်း ကောင်း ပီသစွာ နေထိုင်ရသည်ကို ပိုသဘောကျပါသည်။

ဝေးသွားလျင် အဝေးမှ သတိရသည် မည်မျှလွမ်းသည် စသည်ဖြင့် အလွမ်းမသယ်တတ်ပါ။ ထို့ကြောင့်လည်း ကျွန်တော် အထက်တန်း တက်နေစဉ် ကျောင်းတုန်းကသူငယ်ချင်းများ ၊ တက္ကသိုလ် တက်နေစဉ် အတူအတန်းတက်သည့် သူငယ်ချင်းများ ၊ အလုပ်အတူ လုပ်ခဲ့ကြသည့် အလုပ်သမားများ စသည်တို့ အား အချို့ နာမည် မှတ်မိသော်လည်း လုံးဝ အဆက်အသွယ်မရှိတော့ပါ။

ထိုသူတို့နှင့် အတူ ပေါင်းသင်း ဆက်ဆံ နေစဉ် အခါကတော့ ကျွန်တော့အနေဖြင့် သူတို့၏ အကောင်းဆုံး သူငယ်ချင်း အဖြစ် ပေါင်းသင်းဆက်ဆံခဲ့ပါသည်။ အချို့ကလည်း ကျွန်တော့အား အခြောက်တိုက် ဘဝင်မြင့်နေသူ ၊ စိတ်ကြီးဝင်နေသူဟု ထင်ကောင်းထင်နေကြပါလိမ့်မည်။ ကျွန်တော့ အနေဖြင့် အဝေးတွင်ရှိနေသူအား ပါးစပ်ဖြင့် လောကွတ်ပြုနေခြင်း ထက် အနီးတွင် ရှိနေသော သူငယ်ချင်းအား ပို၍ အဆွေခင်ပွန်းကောင်းပီသရန် လိုအပ်သည်ဟု ထင်ပါသည်။

ဤသို့သော လောကဓံအား Steemit တွင်လည်း ကြုံတွေ့ရပါသည်။ တသက်လုံး MSC ဖြင့် မခွဲဘူး ပြောခဲ့ကြသူများ ထက် လက်ရှိ MSC တွင် အတူလက်တွဲကျန်ရစ်သူများအား ပိုတန်ဖိုးထားပါသည်။ ကျွန်တော်သည် ခရစ်ယာန် ဘာသာဝင် တယောက်ဖြစ်ပါသည်။ သို့သော် ကျွန်တော်ကြည်ညိုသော ဗုဒ္ဓဘာသာ ရဟန်းအား ဦးချရန် ဝန်မလေးပါ။ ထို့အတူ အခြားတပါးသောသူများ ၏ ရိုးရာအား လေးစားလိုက်နာရန် လည်း ဝန်မလေးပါ။

ကျွန်တော် ဤသို့ ပြုမှုနေထိုင် ခြင်းအတွက် ဝေဖန်သော အစွန်းရောက်ခရစ်ယန် များဖြင့်လည်း သူငယ်ချင်း မိတ်ဆွေမဖွဲ့ပါ။ ဘာသာရေး အစွန်းရောက်သူ တယောက်ဖြင့် မိတ်ဆွေ ဖွဲ့ရခြင်းထက် တယောက်တည်း နေရသည်က ပို၍ ကောင်းသည်ဟု ထင်ပါသည်။ ကိုယ်းကွယ်ယုံကြည်မှုသည် ကောင်းပါသည်။ သို့သော် မျက်လုံးပိတ် ကာ တဖက်စွန်းရောက် ငါ့ဘုရားသာ အကောင်းဆုံး ဆိုသည်ကို သဘောမကျပါ။

ယခုနောက်ပိုင်းတွင် ဟိုဟိုဒီဒီ သွားလာရခြင်းထက် တိတ်ဆိတ်ငြိမ်သက်သောနေရာ တွင် စာဖတ်နေရခြင်း သို့မဟုတ် စာရေး ခြင်း ကို ပိုသဘောကျလာပါသည်။ ငါးဖမ်းခြင်းကို အထူးဝါသနာပါသော်လျင် ငါးမျှားသော အလုပ်မှာ အကုသိုလ် အလုပ်ဖြစ်သဖြင့် အတတ်နိုင်ဆုံး ( မနေနိုင်မထိုင်နိုင် လက်ယားလာလျင်တော့ ငါးများတံကိုင်မိပါသည် ) ရှောင်ကျဉ်နေပါသည်။ YouTube မှ အခြားသူငှာ များ ငါးဖမ်းသော Videoclip များအား ကြည့် ခြင်းဖြင့် အာသာဖြေရပါသည်။

ရောက်တက်ရာရာ အတွေးဆိုသည့် အတိုင် ရေးတင်လိုက်ပါပြီ။ သည်းခံ၍သာ ဖတ်ကြပေတော့။ မနက်ဖြန်က စပြီး မပြီးပြတ်သော ကျွန်တော်ပြောသော စင်္ကပူ အကြောင်းအား ဆက်လက်ဖေါ်ပြပေးပါမည်။ Steemfest အကြောင်း တက်လာလျင်လည်း ကြားဖြတ် ဆောင်းပါး ရေးတင်ပေးပါမည်။

02.png
Author : Henry Aung ( Kachin )
MSC : 001

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
STEEMKR.COM IS SPONSORED BY
ADVERTISEMENT
Sort Order:  trending

ကျွန်တော်ကတော့ သာမန်လူတစ်ယောက်ပဲဖြစ်ခဲ့ပါတယ်
သာမန်ဘဝမှာပဲကြီးပြင်းခဲ့ပါတယ် ဘဝကလည်း သာမန်အေးဆေးပါပဲ
သို့သော် သို့သော်ပေါ့နော် steemit ကြီးက
Steem ဈေးတွေထိုးတက်သွားရင်ဖြင့် သာမန်ဖြစ်ပါအုံးမလား 😁။

·

အမှန်တော့ Steemit အကောင့်ပိုင်ဆိုင်ထားပြီး SP အထိုက်အလျောက်ရှိသူတိုင်း မိမိတို့ အနာဂတ်ကို စိတ်ကူးယဉ်နိုင်ပါတယ်။ လက်ရှိအခြေအနေမှာ အဲသလို စိတ်ကူဒယဉ်နိုင်တဲ့ အခွင့်အရေး လူတိုင်မှာ မရှိဘူး ကိုထွေး....

လူတော်ဖြစ်ဖို့ထက် လူကောင်းဖြစ်ဖို့ ပိုအရေးကြီးတာပေါ့ အစ်ကိုရေ ...
အစွန်းရောက်ရင်တော့ ပြုတ်ကျဖို့နီးပေါ့..

·

လူသားတယောက်အဖြစ် ပီသစွာ နေနိုင်ဖို့ ကြိုးစားဆဲပါလို့..

စာတော်တတ်ဖို့ထက် သိသလောက် အသုံးချတတ်ဖို့က ပိုးကောင်းပါမည်။
ဝေလေလေအပေါင်းအသင်း ပေါခြင်းထက် စိတ်တူရည်တူမိတ်ဆွေ အနည်းငယ်ရှိခြင်းက ပိုကောင်းပါမည်။
Steemfest အကြောင်းတော့ မချွင်းမချန် မျှဝေပါဦးဗျ

Posted using Partiko Android

·

Steemfest အကြောင်း မျှဝေပေးပါ့မယ်။ အခုလောက်ဆို သူတို့ ရောက်နေကြလောက်ပြီ။